တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)

တိရစ္ဆာန်များနှင့် ထိန်းသိမ်းရေး
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

Keeper Talks

ဘင်္ဂလားကျား Keeper Talk

https://maps.app.goo.gl/snfsJCdntyCMFaiv5?g_st=ac
စနေ/တနင်္ဂနွေ
၁၀:၀၀ နာရီ

ကျားများသည် ကြောင်ကြီးမျိုးရင်းဝင်ထဲတွင် အရွယ်အစားအကြီးဆုံးဖြစ်ပါသည်။ လိမ္မော်ရောင်ပေါ်မှာ အနက်ရောင်အစင်းကြား များပါရှိပြီး ထိုအစင်းကြောင်းများသည် လူတွေရဲ့လက်ဗွေ ကဲ့သို့ပင် တစ်ကောင်နှင့်တစ်ကောင် တူညီမှုမရှိကြပါ။အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ဘူတန်၊ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဟူးကောင်းချိုင့်ဝှမ်းလွင်ပြင်တွင် ပျံ့နှံ့ကျက်စားကြပါသည်။အသက်(၃ - ၄) နှစ် ခန့်တွင် အရွယ်ရောက် ကြပါသည်။ ကိုယ်ဝန်ဆောင်ကာလမှာ(၃-၄)လခန့်ကြာမြင့်ပြီးတစ်ကြိမ်မွေးလျှင် (၂ ကောင်မှ ၄ ကောင်အထိ) မွေးဖွားလေ့ရှိပါသည်။သဘာဝထဲတွင် ကျားများသည် (၁၀- ၁၅) နှစ်ထိ အသက်ရှင် နေထိုင်နိုင်ပြီး ထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင် ပိုမိုအသက်ရှင် နေထိုင်နိုင်ကြပါသည်။ကျားများသည် နေရင်းဒေသများပျောက်ကွယ်ခြင်း၊ တောရိုင်းတိရစ္ဆာန် ခိုးယူ ဖမ်းဆီးခြင်း၊ အစာရှားပါးလာခြင်းနှင့် ရာသီဥတုပြောင်းလဲခြင်းတို့ ကြောင့် မျိုးသုဉ်းမည့်အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။

ပန်ဒါနီ

https://maps.app.goo.gl/15DCqCb1DEq88EBc9?g_st=ac
စနေ/တနင်္ဂနွေ
၁၀:၃၀ နာရီ

ပန်ဒါနီများကို နီပေါ၊အိန္ဒိယ၊ ဘူတန်၊ တရုတ်နိုင်ငံရှိ ဟိမဝန္တာတောင်တန်းဒေသ များနှင့် မြန်မာ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ အမြင့်ပေ ၈,၀၀၀ ကျော် တောင်တန်းဒေသများတွင် တွေ့ရှိရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကို နီညိုရောင် အမွေးများဖြင့် ဖုံးအုပ်ထားပြီး ဝမ်းဗိုက်နှင့် ခြေလက်များမှာ အနက်ရောင်ဖြစ် သည်။ ညအချိန်တွင် လှည့်လည်ကျက်စား၍ နေ့အချိန်တွင် သစ်ခေါင်းများအ တွင်း အနားယူလေ့ရှိသည်။ ကိုယ်ဝန်ဆောင်ကာလမှာ ၄–၅ လခန့် ကြာမြင့်ပြီး တစ်ကြိမ်လျှင် ၁–၄ ကောင်မွေးဖွားနိုင်သော်လည်း ၂ ကောင်မွေးခြင်းကို အများဆုံးတွေ့ရသည်။ သဘာဝတွင် ၈–၁၀ နှစ်နှင့် ထိန်းသိမ်းမွေးမြူထားသည့်နေရာများ တွင် ၁၃–၁၅ နှစ် ခန့် အသက်ရှင်နိုင်သည်။ သစ်တောပြုန်းတီးမှုနှင့် တရားမဝင်အမဲလိုက်မှုများကြောင့် မျိုးသုဉ်းမှုအန္တရာယ် ရင်ဆိုင်နေရပြီး IUCN Red List တွင် Endangered (EN) အဖြစ် သတ်မှတ်ထားကာ မြန်မာနိုင်ငံတွင်လည်း လုံးဝကာကွယ်ထားသော တောရိုင်းတိရစ္ဆာန်အဖြစ် ထိန်းသိမ်းကာကွယ်ထားသည်။

ဘို့တစ်လုံးကုလားအုတ်

https://maps.app.goo.gl/NVZ8QWXSDcWDQ42aA?g_st=ac
စနေ/တနင်္ဂနွေ
၁၁:၀၀ နာရီ

ဘို့တစ်လုံးကုလားအုတ် (Arabian Camel) သည် ကျောပေါ်တွင် ဘို့တစ်လုံးသာရှိပြီး ထိုဘို့ထဲတွင် စွမ်းအင်အဖြစ် အသုံးပြုနိုင်သော အဆီများ သိုလှောင်ထားပါသည်။ သဲကန္တာရပတ်ဝန်းကျင်တွင် အသက်ရှင်နေထိုင်နိုင်ရန် မျက်တောင်မွှေးနှစ်ထပ်ပါရှိပြီး၊ ပိတ်နိုင်သော နှာခေါင်းပေါက်များနှင့် သဲပေါ်တွင် လွယ်ကူစွာ လမ်းလျှောက်နိုင်သော ခြေထောက်များရှိသည်။ ၎င်းတို့သည် အပင်စားသတ္တဝါများဖြစ်ပြီး ဆူးပါသောအပင်များကိုပင် စားနိုင်သည်။ ရေငတ်သည့်အခါ မိနစ် ၁၀–၁၅ အတွင်း ရေဂါလံ ၃၀ ခန့် သောက်နိုင်ပြီး တစ်နာရီလျှင် မိုင် ၄၀ ခန့်အထိ ပြေးနိုင်သည်။ အရွယ်ရောက်ရန် ၃ နှစ်ခန့်ကြာပြီး ကိုယ်ဝန်ဆောင်ကာလမှာ ၁၂–၁၄ လ ဖြစ်သည်။ ပုံမှန်သက်တမ်းမှာ ၂၀ မှ ၃၀ နှစ်ခန့် ဖြစ်သည်။

အာရှဆင်

https://maps.app.goo.gl/xebNSDJ9AWbf5fCE6
စနေ/တနင်္ဂနွေ
၁၄:၃၀ နာရီ

ဆင်များသည် ကုန်းနေ နို့တိုက်သတ္တဝါများအနက်ခန္ဓာကိုယ်အရွယ်အစား အကြီးဆုံး ဖြစ်ပြီး အာရှဆင်နှင့် အာဖရိကဆင် ဟူ၍ မျိုးစိတ် (၂) မျိုးရှိပါသည်။ အာရှဆင်များကို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ (၁၃) နိုင်ငံတွင် တွေ့ရှိနိုင်ပြီး အများအားဖြင့် အသက်ကြီးသော ဆင်မတစ်ကောင် ဦးဆောင်သည့် အုပ်စုများဖြင့် နေထိုင်ကြသည်။ဆင်များသည် အသီးအရွက်စားသတ္တဝါများ ဖြစ်ပြီး တစ်နေ့လျှင် အပင်အစားအစာများကို အများအပြား စားသုံးကြသည်။ ထို့အပြင် ရေဖျန်းခြင်း၊ ရွံ့နှင့်ဖုန်လိမ်းခြင်း၊ နားရွက်ခတ်ခြင်း စသည့်နည်းလမ်းများဖြင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ချကြသည်။ ဆင်များသည် ဉာဏ်ရည်မြင့်မားပြီး မှတ်ဉာဏ်ကောင်းသော တိရစ္ဆာန်များ ဟုလည်း လူသိများကြသည်။ဆင်များသည် အသက် (၁၀ မှ ၁၅) နှစ်အတွင်း မိတ်လိုက်သားပေါက်ရန် အရွယ်ရောက် ကြပြီး ကိုယ်ဝန်ဆောင်ကာလ (၁၈ မှ ၂၂) လအကြာတွင် ဆင်ပေါက်တစ်ကောင်သာ မွေးဖွားလေ့ရှိသည်။ သဘာဝတောထဲတွင် ပျမ်းမျှ (၆၀ မှ ၇၀) နှစ်ခန့် အသက်ရှင်နိုင်ကြသည်။

မြင်းကျား

https://maps.app.goo.gl/VWiXnNMKArd9n33T6?g_st=ac
စနေ/တနင်္ဂနွေ
၁၅:၀၀ နာရီ

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ထိန်းသိမ်းစောင့်ရှောက်ထားသည့် မြေပြန့်မြင်းကျား (Plains Zebra) များသည် မူလက အာဖရိကဆာဗားနား မြက်ခင်းပြင်များတွင် နေထိုင်ကျက်စားသော အသီးအရွက်စား သတ္တဝါများ ဖြစ်ကြသည်။ ၎င်းတို့၏ ထူးခြားချက်မှာ တစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်ပေါ်ရှိ အမည်းရောင်အစင်းကြောင်းများမှာ လူတို့၏လက်ဗွေရာကဲ့သို့ပင် တစ်ကောင်နှင့်တစ်ကောင် လုံးဝမတူညီဘဲ ကွဲပြားခြားနားနေခြင်း ဖြစ်သည်။အုပ်စုဖွဲ့နေထိုင်တတ်သည့် မြင်းကျားများသည် အမြင်အာရုံနှင့် အကြားအာရုံ အလွန်ထက်မြက်သူများဖြစ်ပြီး၊ သားရဲတိရစ္ဆာန်များထံမှ လွတ်မြောက်ရန်အတွက် တစ်နာရီလျှင် မိုင် ၄၀ အထိ လျင်မြန်စွာ ပြေးလွှားနိုင်စွမ်းရှိသည်။ ထို့အပြင် အန္တရာယ်ကင်းရှင်းစွာ အနားယူနိုင်ရန်အတွက် မတ်တပ်ရပ်၍ အိပ်စက်တတ်သည့် ထူးခြားသော အမူအကျင့်လည်း ရှိသည်။ မျိုးပွားမှုဆိုင်ရာ ဝိသေသများအရ အသက် ၃ နှစ်တွင် အရွယ်ရောက်ပြီး ကိုယ်ဝန်ဆောင်ကာလမှာ ၁၂ လမှ ၁၃ လခန့်အထိ ကြာမြင့်ကာ တစ်ကြိမ်လျှင် သားငယ် ၁ ကောင်သာ မွေးဖွားလေ့ရှိသည်။ မြင်းကျားများ၏ ပျမ်းမျှသက်တမ်းမှာ အနှစ် ၂၀ မှ ၃၀ အထိ ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်များတွင်မူ ပိုမိုသက်ရှည်စွာ နေထိုင်နိုင်ကြပါသည်။

ရေမြင်း

https://maps.app.goo.gl/He3kuYSt8xaLNT2x5
စနေ/တနင်္ဂနွေ
၁၅:၃၀ နာရီ

ရေမြင်းများသည် အာဖရိကတိုက်တွင် နေထိုင်ပြီး ကုန်းတစ်ပိုင်းရေတစ်ပိုင်း ကျက်စားတတ် သည့် ကြီးမားသော နို့တိုက်သတ္တဝါဖြစ်ပါသည်။ ယူဂန်ဒါ၊ ကင်ညာ၊ တန်ဇန်းနီးယား၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေ၊ ဘော့ဆွာနာနှင့် တောင်အာဖရိကနိုင်ငံများ အပါအဝင် အာဖရိကဆာဟာရ တောင်ပိုင်းဒေ သများတွင် ပျံ့နှံ့နေထိုင်ကြပြီး မြစ်များ၊ ရေကန်များ၊ ရွှံ့နွံတောများနှင့် ရေဝပ်ဒေသ များတွင် ကျက်စားနေထိုင်ကြပါသည်။ ခန္ဓာကိုယ်မှာ မီးခိုးရောင်ရှိပြီး စည်ပိုင်းသဏ္ဌာန် ကိုယ်ထည်၊ တုတ်ခိုင်သည့် ခြေထောက်များနှင့် အမွှေးအမှင် အနည်းငယ်အနည်းငယ်ပါရှိပါသည်။ အသီးအရွက်စားသတ္တွဝါဖြစ်ပြီး အဓိကအားဖြင့် မြက်ကိုစားသုံးပါသည်။ တခါတရံ ရေတွင်ပေါက်သည့် အပင်များအားစားသောက်တတ်ပါသည်။ ကိုယ်ဝန်‌ဆောင်ကာလမှာ(၈) လခန့်ကြာမြင့်ပြီး တစ်ကြိမ်မွေးလျှင် (၁) ကောင်သာမွေးပါသည်။ သဘာဝထဲတွင် (၄၀-၅၀) နှစ်ခန့် အထိနေထိုင်နိုင်သော်လည်းထိန်းသိမ်းမွေးမြူစောင့်ရှောက်ထားသည့် နေရာများတွင်သက်တမ်း (၅၀-၆၀) နှစ်ခန့် အထိနေထိုင်နိုင်ပါသည်။ ရေမြင်းများသည် မြက်ပင်များကို စားသုံးပြီး ရေထဲသို့ အာဟာရဓာတ်များ ပြန်လည်စွန့်ထုတ်ပေးခြင်းဖြင့် ရေနေဂေဟစနစ်၏ သက်ရှိကွင်းဆက်ကို အထောက်အကူပြုသည့် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။