🐻 ပသျှူးဝက်ဝံ (Malayan Sun Bear) 🐻 – Yadanarbon Zoo

🐻 ပသျှူးဝက်ဝံ (Malayan Sun Bear) 🐻

 

မြန်မာအမည် - ပသျှူးဝက်ဝံ (ခ) ခွေးဝံ

အင်္ဂလိပ်အမည် - Malayan sun bear

သိပ္ပံအမည် - Helarctos malayanus

 

🐻 ပသျှူးဝက်ဝံများကို မြန်မာ၊ ထိုင်း၊ လာအို၊ မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်ပြည်တောင်ပိုင်း၊ ဆူမားတြားနှင့် ဘော်နီယိုကျွန်းများတွင် တွေ့ရှိရပါတယ်။ ပသျှူးဝက်ဝံများသည် ဝက်ဝံမျိုးစိတ် (၈) မျိုးတွင် အရွယ်အစားအသေးငယ်ဆုံး ဝက်ဝံမျိုးစိတ်ဖြစ်ပါတယ်။ ပသျှူးဝက်ဝံများကို တစ်ကောင်တည်းသော်လည်းကောင်း၊ အထီးအမတွဲ၍သော်လည်းကောင်း သွားလာကျက်စားကြသည်ကို တွေ့မြင်နိုင်ပါတယ်။

 

🐻 ညဘက်တွေမှာ ပိုမိုကျက်စားတတ်သည့် သတ္တဝါများဖြစ်ကြပြီး တစ်ခါတစ်ရံ နေ့ဘက်၌ သွားလာလှုပ်ရှားကာ အစာရှာတတ်ကြပါသည်။ နေ့အခါတွင် သစ်ခေါင်းများ၊ သစ်ပင်များရှိ ၎င်းတို့၏ အသိုက်တွင် နေတတ်ကြကာ

သစ်ပင်တက်ရာတွင် အလွန်လျင်မြန်ဖျတ်လတ်ကြပါတယ်။

 

🐻 ပသျှူးဝက်ဝံ၏ လျှာသည် ပုံမှန်ထက် ရှည်လျားပြီး အသီးအနှံများ၊ ခြကောင်များနှင့် အင်းဆက်ပိုးမွှားများ စားသုံးတတ်သော အစုံစားသတ္တဝါဖြစ်သည့်အပြင် ပျားရည်နှင့် ပျားအုံကို လွန်စွာနှစ်သက်ကြပါတယ်။

 

🐻 ဟိမဝန္တာဝက်ဝံနှင့်တူသော်လည်း အမွှေးတို၍ နှာယောင်နှာထိပ်သည် သိသာထင်ရှားစွာ ကွဲပြားပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးကို ချောမွတ်ပြောင်လက်တဲ့ အနက်ရောင်အမွေးများနဲ့ ဖုံးအုပ်ထားပြီး ရင်ဘတ်ပေါ်မှာ လိမ္မော်ရောင် (သို့) ဝါကျင့်ကျင့်အရောင် အင်္ဂလိပ်အက္ခရာ ယူ "U" ပုံသဏ္ဍန်အမှတ်သားကို ပိုင်ဆိုင်ထားကြပါတယ်။ ၄င်းတို့ကို “Honey Bear” ဟုလည်း ခေါ်ကြပါတယ်။

 

🐻 ပသျှူးဝက်ဝံများသည် အသက် (၃) နှစ်တွင် စတင်အရွယ်ရောက်ကာ တစ်နှစ်တာလုံး မိတ်လိုက်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလမှာ (၉၅) ရက်မှ (၂၄၀) ရက်ခန့်ကြာမြင့်တတ်ပြီး တစ်ကြိမ် သားပေါက်လျှင် (၁) ကောင်မှ (၂) ကောင်အထိ မွေးဖွားတတ်ပါတယ်။

 

🐻 ပသျှူးဝက်ဝံ၏ အရပ်အမြင့်မှာ (၄) ပေခန့်ရှိပြီး ကိုယ်အလေးချိန်မှ ပေါင် (၁၀၀) မှ (၁၃၀) အထိရှိတတ်ကြပါသည်။ ပသျှူးဝက်ဝံအမများမှာ အထီးများထက် ကိုယ်ခန္ဓာအရွယ်အစား ပို၍သေးငယ်ကြပါသည်။ ပသျှူးဝက်ဝံများသည် သက်တမ်းအားဖြင့် အသက် (၁၅) နှစ်မှ (၃၀) နှစ် အထိ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ 

 

    တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) တွင် ပသျှူးဝက်ဝံများအပြင် နို့တိုက်သတ္တဝါ၊ တွားသွားသတ္တဝါ၊ ရေနေသတ္တဝါများနှင့် ကျေးငှက်မျိုးစိတ်များစွာ ထိန်းသိမ်းစောင့်ရှောက် ပြသထားတာမို့ ဗဟုသုတရချင်လို့ပဲဖြစ်ဖြစ်၊ မိသားစု သူငယ်ချင်းအပေါင်းအသင်းများနဲ့ အတူ အပန်းဖြေချင်လို့ပဲဖြစ်ဖြစ် လာရောက်လေ့လာလည်ပတ်ဖို့ လှိုက်လှဲပျူငှာစွာ ဖိတ်ခေါ်လိုက်ပါတယ်။ 🤗🤗🤗

Copyright 2018. All rights reserved.