🐒ဒီဘရာဇာမျောက်အကြောင်း သိကောင်းစရာများ🐒
ဒီနေ့ပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားသော မြင်တွေ့ရခက်ခဲလှတဲ့ ဒီဘရာဇာမျောက်တွေရဲ့ အကြောင်းပဲဖြစ်ပါတယ်။ 🤗🤗🤗
မြန်မာအမည် - ဒီဘရာဇာမျောက်
အင်္ဂလိပ်အမည် - De Brazza’s Monkey
သိပ္ပံအမည် - 𝘊𝘦𝘳𝘤𝘰𝘱𝘪𝘵𝘩𝘦𝘤𝘶𝘴 𝘯𝘦𝘨𝘭𝘦𝘤𝘵𝘶𝘴
🐒 ဒီဘရာဇာမျောက်များသည် အာဖရိကတိုက် အရှေ့ပိုင်းတွင် အများဆုံး ရှင်သန်ကျက်စားကြသည်ကို တွေ့ရှိရပြီး အာဖရိကတိုက်၏ အနောက်ပိုင်းတွင် ရှင်သန်ကျက်စားသည့် အရေအတွက် နည်းပါးကြပါတယ်။ ဒီဘရာဇာမျောက်များ၏ ပျံ့နှံ့ကျက်စားခြင်းသည် အီသီယိုးပီးယားနိုင်ငံ တောင်ဘက်ပိုင်းမှ အန်ဂိုလာနိုင်ငံ မြောက်ဖျားပိုင်းအထိ ကျယ်ပြန့်ကြပါတယ်။
🐒 ဒီဘရာဇာမျောက်များသည် ကမ္ဘာဟောင်း မျောက်အမျိုးအစားဖြစ်ကြပြီး အလွယ်တကူတွေ့မြင်နိုင်ရန် ခက်ခဲသည့် မျိုးစိတ်တစ်မျိုးဖြစ်ပါတယ်။ လွယ်ကူစွာ မမြင်တွေ့နိုင်သော်လည်း သစ်တောများ၊ မြစ်ချောင်းများ အနီးတစ်ဝိုက်နှင့် ရွှံ့နွံတောများ အနီးတစ်ဝိုက်တွင် တွေ့ရတတ်ပါတယ်။
🐒 ဒီဘရာဇာမျောက်များသည် သစ်ပင်များပေါ်တွင်သာ အချိန်အများစုကို ကုန်ဆုံးလေ့ရှိတတ်သည့် သတ္တဝါများဖြစ်ကြပြီး မနက်ခင်းနှင့် ညနေခင်းတို့တွင် အစာရှာထွက်လေ့ရှိကာ ပါးစပ်တွင် အစာသိုလှောင်နိုင်ရန်အတွက် ပါးစောင်အိတ်များ ပါရှိပါတယ်။ အုပ်စုဖွဲ့ နေထိုင်လေ့ရှိကြပြီး အကောင်ရေ (၄) ကောင်မှ (၅) ကောင်ခန့်အထိ ပါဝင်တတ်သလို တစ်ခါတစ်ရံတွင် အကောင်ရေ (၃၅) ကောင်ခန့်အထိ ပါဝင်သည်ကိုလည်း တွေ့ရပါတယ်။ အချင်းချင်းလည်း အသံဖြင့် ဆက်သွယ်တတ်သလို မျက်နှာအမူအရာတို့နှင့်လည်း ဆက်သွယ်တတ်ကြပါတယ်။
🐒 ဒီဘရာဇာမျောက်များတွင် အထီးများသည် အမများထက် ခန္ဓာကိုယ်အရွယ်အစား ပိုမိုကြီးမားကြပါတယ်။ အထီးများ၏ ကိုယ်အလေးချိန်သည် (၇) ကီလိုခန့် ရှိကြပြီး အမများ၏ ကိုယ်အလေးချိန်သည် (၄) ကီလိုခန့် ရှိတတ်ပါတယ်။
🐒 ဒီဘရာဇာမျောက်များသည် အသက် (၅) နှစ်မှ (၆) နှစ်ခန့်တွင် မိတ်လိုက်မျိုးပွားနိုင်သည့် အရွယ်သို့ ရောက်ကြပါတယ်။ ဒီဘရာဇာမျောက်အထီးများသည် မိတ်လိုက်မျိုးပွားနိုင်သည့် အရွယ်သို့ ရောက်သည့်အခါ အုပ်စုမှ ခွဲထွက်သွားတတ်ကြပြီး အမများက နေထိုင်ရာ အုပ်စုတွင် ကျန်ရှိသည့် သက်တမ်းတစ်လျှောက် နေထိုင်သွားတတ်ကြပါတယ်။
🐒 ဖေဖော်ဝါရီလမှ မတ်လအတွင်း မိတ်လိုက်မျိုးပွားလေ့ ရှိကြပြီး၊ တစ်နှစ်လျှင် တစ်ကြိမ်သာ သားပေါက်လေ့ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ကာလသည် (၅) လမှ (၆) လခန့် ကြာမြင့်ပြီး၊ တစ်ကြိမ် သားမွေးလျှင် တစ်ကောင်သာ မွေးတတ်ကြပါတယ်။ သားပေါက်လေးများသည် မိခင်၏ နို့ရည်ကိုသာ အားထားသောက်သုံးရပြီး (၆) လခန့် ကြာသောအခါ အစာမာများကို စတင်စားသုံးလာနိုင်ကြပါတယ်။မွေးကင်းစအရွယ်တွင် မျက်နှာနှင့် လက်တို့သည် ပန်းနုရောင်လေးများ ဖြစ်ပေါ်နေတတ်ပါတယ်။
🐒 ဒီဘရာဇာမျောက်များ၏ မျက်နှာသည် လုံးဝန်းသည့် ပုံပန်းသဏ္ဌာန်ရှိကာ နဖူးထက်တွင် လိမ္မော်ရောင် အမွေးအမှင်များက သရဖူသဖွယ်ရှိနေကြပါတယ်။ လက်ဖျားများတွင် အနက်ရောင် အမွေးအမှင်များရှိကာ အမြီးများသည် မီးခိုးရောင်ရှိကြပြီး တင်ပါးနှင့် ပေါင်ပိုင်းတို့တွင် အဖြူရောင် အမွေးအမှင်များရှိကာ ခန္ဓာကိုယ်၏ ကျောဘက်ပိုင်းကို သံလွင်စိမ်းရောင် အမွေးအမှင်များက ဖုံးအုပ်ထားပါတယ်။
🐒 အသီးကို အဓိကထား စားသုံးတတ်ကြသော်လည်း အခြားသော အရွက်များ၊ ပန်း၊ မှို၊ တီကောင်တို့နှင့် ခြကဲ့သို့သော အင်းဆက်ပိုးမွှားများကိုလည်း စားသုံးတတ်ကြသည့် အစုံစား သတ္တဝါများ ဖြစ်ပါတယ်။
🐒 ဒီဘရာဇာမျောက်တို့သည် အလွယ်တကူ မြင်တွေ့နိုင်ရန် ခက်ခဲသည့် မျိုးစိတ်တစ်မျိုးဖြစ်သည့်အတွက် သဘာဝတောထဲရှိ သက်တမ်းကို ကောက်ယူရန်မှာ မလွယ်ကူသော်လည်း ထိန်းသိမ်းစောင့်ရှောက်ထားသည့် ဥယျာဉ်များတွင် နှစ် (၃၀) ခန့် ရှင်သန်နေထိုင်နိုင်ကြပါတယ်။
အခုလို မြင်တွေ့ရန်ခက်ခဲလှတဲ့ ဒီဘရာဇာမျောက်တွေကို တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှာ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ထားတာမို့လို့ လာရောက်လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။ 🤗🤗🤗
Copyright 2018. All rights reserved.